“စိတ်ဝင်စားဖွယ် တိုက်ကြက်အကြောင်း”

blog

 

ကြက်တိုက်ခြင်းဓလေ့သည် ပုဂံခေတ်ကတည်းကပင် စတင်ရှိခဲ့သော်ငြားလည်း
ယနေ့ခေတ် လောင်းကစားဥပဒေနှင့် ငြိစွန်းတာကြောင့် နိုင်ငံတော်က တားမြစ်ထားတာဖြစ်ပါတယ်။
သို့ရာတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးလက်ဒေသအများစုတွင်
နှစ်စဉ် စပါးရိတ်သိမ်းပြီးအချိန်များ၌ မြန်မာ့ရိုးရာဓလေ့စစ်စစ်
ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပသော ကြက်ပွဲများမှာ
လောင်းကြေးအရ မများသော်လည်း မြန်မာ့တိုက်ကြက်မျိုးရိုး စစ်စစ်များ
မတိမ်ကောစေရေးအတွက်ထိန်းသိမ်းသည့် အနေဖြင့်
ဝါသနာရှင်များမှ ပြုလုပ်သည့် ကြက်ပွဲများလည်းရှိကြောင်း လေ့လာသိရှိရပါသည်။

ကြက်ပွဲလာသူအများစုမှာ တောသူတောင်သားများဖြစ်ကြပါသည်။
မြို့သူမြို့သားများအနေဖြင့် ဝါသနာကြီးသူအနည်းငယ်သာ လာတတ်ပါသည်။
ကြက်ပွဲလာ တောသူတောင်သားအများစုသည် စကားကြွယ်သူများဖြစ်ကြသည်။
သူတို့ကြက်ဝိုင်းတွင် သုံးနှုန်းသည့် စကားအခေါ်အဝေါ်များသည် သူတို့ဝန်းကျင်ရှိ
မြင်တွေ့မှုများကို အခြေခံ၍ ခိုင်းနှိုင်းခေါ်ဝေါ်ကြသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ဥပမာ –
နားကပ်ပွင့်
ငရုတ်စေ့ကပ်
တမာ
တံခါးပိတ်
စင်ရော်
ကျီးခြေ
သံပတ်
လေးတိုင်စင်
တပင်တိုင်
သိမ်း
ကြန် စသည့် အခေါ်အဝေါ်များကို ကြည့်ပါ။

သာမန်လူတစ်ယောက်အနေဖြင့် သိရန်မလွယ်ကူသော ဝေါဟာရများဖြစ်ပါသည်။
ကြက်ပွဲများသို့ မကြာခဏရောက်ရှိသူများပင် တချို့အခေါ်အဝေါ်များကို ဂ ဃ န ဏ မသိကြပေ။
၎င်း မြန်မာ့ရိုးရာ စစ်စစ်ဝေါဟာရ (သို့) အခေါ်အဝေါ်များ မှာ မှတ်တမ်းတင်ထားသင့်ပါသည်။
ထိုသို့ မှတ်တမ်းမတင်ပါက ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။

ဥပမာ – ပုဂံခေတ်က စတင်သုံးစွဲခဲ့သော ” ပယ် ” ဆိုသည် လယ်မြေအကျယ် အဝန်းကို
ခေါ်ဆိုသော ဝေါဟာရမှ ယခုအခါ လုံးဝ ပျောက်ကွယ်လုပြီ ဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးနီးပါးသည် လယ်မြေအကျယ်အဝန်းကို
ဧကအဖြင့်သာ ခေါ်ဝေါ်သုံးစွဲနေကြပါသည်။ ဧကသည် မြန်မာဝေါဟာရ မဟုတ်ပါ။
အင်္ဂလိပ်ဝေါဟာရ Acre ကို အသံဖလှယ်၍ သုံးထားခြင်းဖြစ်ပါသည်။
တိုက်ကြက်တစ်ကောင်အား ၎င်း၏ အင်္ဂါအစိတ်ပိုင်းများအလိုက်-
ပြောင်မြောက်သော အခေါ်အဝေါ်များကို သုံးစွဲခဲ့ကြသည်ကို
အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။

၁။ အမောက်ဆိုင်ရာ အခေါ်ဝေါ်များ
– – – – – – – – – – – –

တိုက်ကြက်၏ အမောက်မှာ ပုံသဏ္ဌာန် နှင့် အရွယ်အစားပေါ်မူတည်၍
ခေါ်ဝေါ်သည့်အခေါ်အဝေါ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သုံးမြှောင့် – အမောက်တွင် အမြှောင့် သုံးမြှောင့် ဖြစ်နေသော အမောက်
ခါးပတ် – ရှည်ရှည်၊ လုံးလုံးကြီး နေသောအမောက်
ပဲနပြား – အပြားကြီးဖြစ်နေသော အမောက် (ဘူးကြက်ဖများရှိ အမောက်မျိုး)
တံခွန် – ခါးပတ်မောက်ပုံစံ၏ အဖျားဘက်တွင် အနည်းငယ်ချွန်၍ ကော့နေသော အမောက်။
ကတော့ – မည်သည့် အမောက်ပုံစံ တွင်မဆို အမောက်ထိပ်တွင်ကတော့ခွက်လေးဖြစ်သော အမောက်။
မောက် – တစ်ဖက်ဖက်သို့ စောင်းနေသော အမောက်။
နှင်းဆီ – အချွန်အတက်များဖြင့် နှင်းဆီပွင့် ပုံသဏ္ဌာန် ရှိသော အမောက်။

===========

၂။ မျက်လုံးဆိုင်ရာ အခေါ်ဝေါ်များ
– – – – – – – – – – – – – –

မျက်ခွံထူလျှင် ကောင်းတတ်သည်။

မျက်လုံးတွင် အရောင်အမျိုးမျိုးရှိသည်။

အောက်ခံမျက်လုံးအရောင် အဝါရောင် (ပဲဆီဝါ) တွင် ဝိုင်းစစ်သော မျက်ဆံနက်ကြီးကြီးပါလျှင်
ကြက်ကောင်းအင်္ဂါဖြစ်သည်။
ကျန်သော အရောင်များမှာ ချို့ယွင်းချက်များရှိတတ်သည်။
များသောအားဖြင့် ကျန်သောမျက်လုံးအရောင်ရှိသည့် ကြက်များမှာ ဇွဲမကောင်းကြချေ။
‘ ကြက်သဲပါး’ သည်ဟုခေါ်ပါသည်။

ပုလဲ – ပုလဲရောင် မျက်စိ။
ဖားမျက်လုံး – ဖားမျက်လုံး နှင့်တူသော မျက်စိ။
မျက်ပုတ် – မျက်လုံးတစ်ခုလုံး အနက်ရောင်။
မျက်ဖက် – မျက်လုံးနှစ်လုံး တစ်လုံးနှင့် တစ်လုံး အရောင်မတူ။
မျက်ကြောင် – ပုလဲရောင်တွင် အစက် အပြောက်ပါသည်။
ဇင်ရွေး – ဇင်ရွေးသီးအရောင် ( နီကြင်ကြင် အရောင် ) မျက်စိ။
( ဇင်ရွေးမျက်စိရှိသောကြက်သည် တစ်ဖက်စွန်း ရောက်တတ်သည်။
ကောင်းလျှင် ပြိုင်ဘက်ကင်းအောင် ကောင်းတတ်သလို
ညံ့လျှင် ဝိုင်း၌ ထွက်ပြေးလေ့ရာ မနည်းမိအောင် ပြန်ဖမ်းရသည်။
ထို့ကြောင့် ” မျက်စိ ဇင်ရွေး ၊ ကောင်းရင် ဘက်မရှိ ၊ ထွက်ပြေး ဖမ်းမမိ ” ဟူ၍ နောက်ပြောင်လေ့ ရှိကြသည်။
မျက်ပြဲ – မွေးရာပါ မျက်ခွံ ပြဲနေသော မျက်စိ။ ( ကြက်တိုက်စဉ် မျက်ခွံ ထိခိုက်မိ၍
မျက်ခွံပြဲသွားသောကြက်ကို မဆိုလိုပါ။ ) ကြက်ညံ့ အင်္ဂါ ဖြစ်သည်။
မျက်ခွံပြဲရသည့်အထဲတွင် ခြေထောက် အဝါရောင် ဖြစ်နေပါက ပိုဆိုးသည်။
ရှုံးလွန်း သဖြင့် ချက်သာစားလိုက်ရန် တိုက်တွန်းသည့်အနေဖြင့်
” ခြေဝါ မျက်ပြဲ ဆီမနည်းနဲ့” ဟူ၍ ပင် စာချိုးရှိပါသည်။

မျောက်မျက်ခုံး – မျက်ခုံးရိုးကြီးသော ကြက်။ကြက်ညံ့ အင်္ဂါ ဖြစ်သည်။

=========

၃။ နှုတ်သီးဆိုင်ရာ အခေါ်ဝေါ်များ
– – – – – – – – – – – – –

နှုတ်သီးတွင်ထူးခြားမှုရှိခဲ့ပါသည်။ ရိုးရိုး ပုံမှန် နှုတ်သီးများသာ များပါသည်။

နှုတ်ပုတ် – နှုတ်သီးတစ်ခုလုံး အနက်ရောင်။

နှုတ်ရေသွားလျောက် – နှုတ်သီးပေါ်၌ အမြှောင်းသုံးမြှောင်း ဖြစ်နေသော နှုတ်သီး။
စာနှုတ် – စာကလေး၏ နှုတ်သီးကဲ့သို့ တို၍ တုတ်ခိုင်သော နှုတ်သီး။

ငှက် – ခြေနှစ်ဖက် ၊ မျက်စိ နှစ်လုံးနှင့် နှုတ်သီး သုံးမျိုးစလုံး နက်လျက် ” ငှက်” ဟုခေါ်ပါသည်။

===========

၎။ အမွေးအရောင်ဆိုင်ရာ အခေါ်ဝေါ်များ
– – – – – – – – – – – – – – –

တိုက်ကြက်များကို အရောင်သတ်မှတ်ရာတွင် ခန္ဓာကိုယ်အောက်ခံအမွေး နှင့် လည်ဆံမွေး ၊
ခါးဆံမွေး(ခဆံမွေး) တို့အပေါ်တွင် မူတည်၍ အခေါ်အဝေါ် သတ်မှတ်ကြပါသည်။
ခန္ဓာကိုယ်အောက်ခံမွေးနှင့် အခြေခံအရောင်(၆) ရောင်ရှိသည်။
၎င်းတို့မှာ

(၁) အောက်ခံ အနက်ရောင်
(၂) အောက်ခံ အပြာရောင်
(၃) အောက်ခံ အဖြူရောင်
(၄) အောက်ခံ အဝါနုရောင်
(၅) အောက်ခံ ဘုတ်ငှက်၏အရောင်
(၆) အောက်ခံ ရစ်ငှက်၏အရောင် တို့ ဖြစ်ပါသည်။

တိုက်ကြက်တို့၏ အမွေးအရောင်နှင့် ပတ်သက်သည့် အခေါ်အဝေါ်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လုံးဖြူ – တစ်ကိုယ်လုံး အမွေးဆွတ်ဆွတ်ဖြူ အရောင်။ အချို့ဒေသများ တွင် ” ဖောင်း ” ဟုခေါ်သည်။
ဥပန်း – အမွေးဖြူအခံပေါ်တွင် ရင်ဘတ်နှင့် ကိုယ်ပေါ်၌ အနက်ပြောက် အနည်းငယ် ပါရှိသည်။

ဖောင်းဥပန်း -လုံးဖြူကဲ့သို့လည်း တစ်ကိုယ်လုံး ဆွတ်ဆွတ်မဖြု ၊ ဥပန်းလောက်လည်း အစက်အပြောက်မများ ၊
လုံးဖြူဟုခေါ်၍မရရုံသာ အစက်ပြောက် အနည်းငယ်လေးပါသည်။
” ဥပန်း ယောင်ယောင် ၊ ဖောင်း ယောင်ယောင် အိမ်က မယားပေါင် ” ဟုအဆိုရှိသည်။
စင်ရော် – အဖြူခံ အမွေးပေါ်တွင် အနက်စက် ဥပန်းမွေးထက် အနည်းငယ် ပိုများသည်။
(အချို့ ဒေသများတွင် ၎င်းအမွေးကို ဥပန်းကြား (သို့) ဘန်းကြားဟုခေါ်သည်။)
ကြန် – တစ်ကိုယ်လုံး အဖြူခံ အမွေးတွင် တောင်ပံဖုံးမွေး နှင့် ခါးဆံမွေး ၊ ကြံအခွံရောင်ရှိသည်။
ဗဟန်း – အဝါနုရောင် အောက်ခံမွေးပေါ်တွင် အနက်စက်အမွေး အနည်းငယ်ပါသည်။
ကြက်ဝါ – အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး ၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေး များအဝါရောင်။
ကြက်ဝါဆီဂျီ – အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး နှင့် တောင်ပံဖုံးမွေး အဝါရောင်၊ ခါးဆံမွေး ဆီဂျီး(ဆီချေး) အရောင်။
ကြက်နီ – အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး ၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေးများ အနီရောင်။
ကြက်နီချိတ် – အောက်ခံမွေး အနက်ရောင် ၊ လည်ဆံမွေး၊ ခါးဆံမွေး ၊ တောင်ပံဖုံးမွေး အနီရင့်ရောင်တွင်
ငချိတ်ဆန်အရောင် အနည်းငယ်ဖောက်နေသည်။
မဲချိတ် – တစ်ကိုယ်လုံး အမည်းရောင် အောက်ခံမွေးတွင် လည်ဆံမွေး ၊
တောင်ပံမွေး နှင့် ခါးဆံမွေး တို့၌ ငချိတ်ဆန်အရောင် ရှိသည်။
မဲ – တစ်ကိုယ်လုံး တောက်ပြောင်သည့် အမဲရောင် အမွေးရှိသည်။
သိမ်း – တစ်ကိုယ်လုံး တောက်ပြောင်သည့် အမည်းရောင်ရှိသည်။
တစ်ခါတစ်ရံ တောက်ပြောင်သည့် ရွှေပိုးကောင်ကဲ့သို့ အစိမ်းရောင်တောက်နေသည်။
ဗြာ – အပြာရောင် ( မီးဖိုချောင် မှပြာ၏အရောင် ) အချို့ဒေသများတွင်
တိုက်ကြက်ကို ဗြာဟုခေါ်ကြသည်။
ဗြာဥပန်း – အပြာရောင် အောက်ခံအမွေးပေါ် အနက်ပြောက် အနည်းငယ်ပါသည်။
ဗြာဝါ – အပြာရောင် အောက်ခံလည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ အဝါရောင်။
ဗြာနီ – အပြာရောင် အောက်ခံ လည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ အနီရောင်။
ဗြာနီဆီဂျီး – အပြာရောင် အောက်ခံ လည်ဆံမွေး ၊ တောင်ပံမွေး နှင့် ခါးဆံမွေး များ ဆီချေး(ဆီဂျီး) ရောင်။
ဖောင်း – အနက်ရောင် အောက်ခံမွေးပေါ်တွင် လည်ဆံမွေး ၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေးများအဖြူရောင်
( အချို့သောဒေသများ၌ လုံးဖြူကို ” ဖောင်း” ဟုလည်းခေါ်ကြသည်။)
ဖောင်းရင်ကွက် – ဖောင်း၏ အမွေးရှိပြီး ရင်ဘတ်တွင် အဖြူကွက်များရှိသည်။
ဗြာဝရောင်း – အပြာရောင် အောက်ခံအမွေးရှိသည်။ လည်ဆံမွေး ၊ တောင်ပံဖုံးမွေး နှင့်
ခါးဆံမွေးတို့၏အရောင်မှာ ဝါးဆစ်ဖတ်အရောင်ရှိသည်။
ဗျောက် – အမွေးတိုင်းတွင် အစက်အပြောက်များပါသည်။
မွေးစုံ – ကြက်၏အရောင်မှာ သတ်သတ်မှတ်မှတ် ခေါ်၍ မရအောင် အမွေးရောင်စုံပါသည်။
ရစ် – ရစ်ငှက်၏ အမွေးအရောင်။
ဘုတ် – ဘုတ် ငှက်၏ အမွေးအရောင်။
ဇိမ်း – အောက်ခံ အနက်ရောင်အမွေးတွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး တို့၌
စိမ်းဝါဝါရောင် အမွေးများရှိသည်။
မဲဇိမ်း – အောက်ခံ အနက်ရောင်အမွေးတွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေး တို့၌
စိမ်းဝါဝါရောင် အမွေးများတွင် အနက်ရောင်အနည်းငယ် ဖောက်သည့်အမွေး ဖြစ်သည်။
ရစ်ဝါ – ရစ်၏ အမွေးပါရှိပြီး လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေးများရှိသည်။
ဗြာဖောင်း – အောက်ခံ အမွေးများမှာ မီးခိုးပြာရောင် အမွေးဖြစ်ပြီး လည်ဆံမွေး၊ ခါးဆံမွေး နှင့်
တောင်ပံဖုံးမွေး များတွင် အဖြူရောင်အမွေးများရှိသည်။
ဘုတ်ဝါ – ဘုတ်မွေးအခံရောင်တွင် လည်ဆံမွေး၊ ခါးဆံမွေး နှင့် တောင်ပံဖုံးမွေးများ အဝါရောင်ရှိသည်။

=======================

၅ ။ ခြေဖတ်ဆိုင်ရာ အခေါ်အဝေါ်များ
– – – – – – – – – – – – – –

ကြက်တစ်ကောင်၏ ခြေဖတ်ကို ရေတွက်ရာတွင် ခြေခလယ်၏ ခြေသည်းထိပ်မှ
အထက်အထိ ရေတွက်ရပါသည်။
ပုံမှန်အားဖြင့် ( ၂၇ ) ဖတ် ၊ ( ၂၈) ဖတ်ခန့်ရှိကြသည်။
အလွန်ထူးခြားသော ကြက်များတွင်သာ
ခြေဖတ် ( ၃၀ )ထိရှိတတ်ပါသည်။ ရှားပါသည်။
ခြေဖတ် ( ၃၀ ) ရှိသောကြက်မှာ
သူမတူအောင် ကောင်းတတ်သဖြင့် ကြေးကြီးသည့်ဝိုင်းများတွင် ဝိုင်းပယ်လေ့ရှိကြသည်။
၎င်း ကြက်အားခံ၍ တိုက်သူနည်းပါးသည်။
ထို့ကြောင့် ” ခြေဖတ် ( ၃၀ ) ဝိုင်းကြီးပယ် ” ဟူ၍ စာဆိုရှိခဲ့ပါသည်။
ခြေထောက်တွင်ရှိသည့် ခြေဖတ်များ၏ အနေအထားပေါ်မူတည်၍ အခေါ်အဝေါ်များ ပြောင်းလဲသွားပါသည်။

တစ်ပင်တိုင် – ခြေဖတ်သုံးဖတ်စီပြိုင်၍ ဆင်းသွားသောခြေထောက်။
သံပတ်(သို့) ကျီးခြေ – ခြေဖတ်များအနက်မှ ခြေဖတ်တစ်ဖတ်သည် ခြေထောက်ကို အပြည့်ပတ်နေသည်။
အလွန်ရှားသည်။ တစ်ဖက်ကြက်ကို သေအောင်ခွပ်တတ်သည်။
ကျွန်တော် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကြက်ပွဲများသို့ ရောက်ရှိဖူးရာ
ယခုချိန်အထိ တစ်ကောင်သာ တွေ့ဖူးသေးသည်။
ဗြာဆီဂျီးအရောင်ဖြစ်သည်။ ခြေပြင်းသည်။
အဆို့ – ပုံမှန် ခြေဖတ်နှစ်ခု၏ အကြားတွင် ခြေဖတ်ငယ်တစ်ခု ညှပ်နေပါက
၎င်း ခြေဖတ်ငယ်ကို အဆို့ဟုခေါ်သည်။
ခြေထောက်နှစ်ဖက်စလုံးတွင် အဆို့ပါလျှင် ကောင်းသော်လည်း
တစ်ဖက်တည်းသာပါလျှင် ကန်းတတ်သည်။

၆။ ခြေထောက်ဆိုင်ရာ အခေါ်အဝေါ်
– – – – – – – – – – –

ခြေနှူ – ခြေထောက်တစ်ချောင်းလုံး အဖုအထစ်များဖြင့် ကြမ်းတမ်းစွာ ဖြစ်နေသော ခြေထောက်။
ခြေဘက် – ခြေထောက်နှစ်ဖက် အရောင်မတူပါက
( ဥပမာ – တစ်ဖက်က အဝါရောင် ၊ အခြားတစ်ဖက် အစိမ်းရောင် ) ခြေဘက်ဟုခေါ်သည်။
ခြေဝါ – နှစ်ဖက်စလုံး အဝါရောင် ဖြစ်သည်။
ခြေဖြု – နှစ်ဖက်စလုံး အဖြူရောင် ဖြစ်သည်။
ခြေစိမ်း ( ခြေဇိမ်း ) – အစိမ်းပုတ်ရောင် ခြေထောက် ၊ အချို့ဒေသ၌ ဗျိုင်းခြေဟု ခေါ်သည်။

၇။ အတက်ဆိုင်ရာ အခေါ်အဝေါ်များ
– – – – – – – – – – – – – – –

တိုက်ကြက်ကောင်း တစ်ကောင်၏ အတက်သည် အထက်သို့ မလန်ရ၊ အောက်သို့လည်း မကိုင်ရ။
ထို့အပြင် ခြေထောက်နှစ်ချောင်း အတွင်းသို့မရှိုင်းရ ( မဝင်ရ )။
ခြေထောက်များ၏ အပြင်ဘက်သို့လည်း ကားမသွားရ ၊ ဖြောင့်နေရမည်။
အတက်သည် ကြက်၏ နောက်ခြေသန်းနှင့် အပြိုင် တစ်ဖြောင့်တည်းရှိပါက သေတွင်းကျအောင် ခွပ်တတ်သည်။
အတက်လုံးဝမပါသည့် အတက်အခေါ်အဝေါ် မှစ၍ အတတ် တစ်စ၊ တစ်စ ရှည်လာပုံအပေါ် မူတည်ပြီး
အခေါ်အဝေါ်များ ပြောင်းလဲသွားပုံမှာ အလွန် မှတ်သားဖွယ်ဖြစ်ပါသည်။

ဟိုင်း – အတက် လုံးဝ ( လုံးဝ ) မပါ။
ငရုတ်စေ့ ကပ် – အတက်ထွက်မည့် အတက်ရာလေးပေါ်နေသည်။
ကုလားပဲ – ကုလားပဲခြမ်းအရွယ် အတက်ငုတ်လေး။
ပြောင်းဖူးစေ့ – ပြောင်းဖူးစေ့ အရွယ် အတက်ဖုလေး ( ထိပ်လုံးသည် )
နားကပ်ပွင့် – ပြောင်းဖူစေ့ အရွယ်ဖြစ်သော်လည်း ထိပ်ချွန်၏။
ကပ်ချွန် – နားကပ်ပွင့် ထက် အနည်းငယ်ပိုရှည်သည်။
တမာ – တမာသီးအရွယ် ဖြစ်သည်။
လက်ပံချွန် – တမာ ထက် ပိုရှည်သည်။ လက်ပန်ပင် ရှိ ဆူးချွန်အရွယ် ရှိသည်။
တက်ရိုး( သို့မဟုတ် ) ရိုး – လက်ပံချွန်ထက် အနည်းငယ်ပိုရှည်သည်။
တံခါးပိတ် – အတက်ထိပ်နှစ်ခု ထိလုနီးနီးဖြစ်နေသည်။

ပယ် – အရှည်ဆုံး ဖြစ်သည်။ ချွန်မြနေပြီး ဂေါ်ရခါး ဓားကောက်ကြီး များကဲ့သို့ အပေါ်သို့ကော့နေတတ်သည်။
=======================

၈။ အမြီးဆိုင်ရာ အခေါ်အဝေါ်များ
– – – – – – – – – –

တံစဉ်ကောက် – ခေါင်မြီးသည် တံစဉ်ကဲ့သို့ ကောက်နေသော အမြီး။
၎င်းအမြီးပုံစံရှိ ကြက်သည် တွန်သံပြတ်သားပါက ကြက်ကောင်းအင်္ဂါ ဖြစ်သည်။
” အမြီးသံစဉ်ကောက် အသံပုဆိတ်ပေါက်” ဟု အဆိုရှိသည်။

မြီးဇောင်း ( မြီးစောင်း ) – အနည်းငယ် စောင်းနေသောအမြီး။
ဗန်ဒို – ငုံးငှက်ပုံစံကဲ့သို့ ဖြစ်နေပြီး မြီး ညှောင့်ရိုး ( ဖင်ဆီဘူး ) နှင့် အမြီး လုံးဝ ( လုံးဝ ) မပါချေ။
‘မ’ကိုယ် ( သို့မဟုတ် ) မဂို – ကြက်မ၏ အမြီးသဏ္ဌာန် ရှိသည်။ ( တစ်နည်း) ခေါင်မြီး မပါချေ။
အချို့အရပ်ဒေသများတွင် ဗဂို ဟုလည်းခေါ်သည်။
မဂို အမျိုးမျိုးရှိသည်။ အမွေးအရောင်ပေါ်မူတည်၍
စာမဂို ၊ မဂို ဒီးဒုတ် ၊ ကွမ်းရိုးစင်း ၊ မဂို ၊ ဗြာမဂို ဟူ၍ ခွဲခြားခေါ်ဝေါ်ကြသည်။
‘မ’ကဲ ( မဂဲ ) – ကြက်မ၏ ပုံသဏ္ဌာန် နှင့် ကြက်မ၏ အမွေးအရောင် မျိုးရှိသည်။
သို့သော် အမြီးတွင် ခေါင်းမြီးပါသည်။
အချို့ဒေသများတွင် ‘ ဗဂဲ ‘ ဟုလည်းခေါ်သည်။ ‘ မဂို – မဂဲ မယားဆဲ’ ဟုအဆိုရှိသည်။ ထွန်းခဲသည်။

========================

၉။ ကိုယ် ခန္ဓာတည်ဆောက်ပုံ ဆိုင်ရာ အခေါ်အဝေါ်များ
– – – – – – – – – – – – – – – – – – –

ကြက် အုန်းသီး – ကိုယ်လုံး တိုသည်။ ကြက်နှစ်ကောင် တိုက်ဖက် စပ်ရာတွင် ခက်သည်။
ဒေါက်တူးအိုး ( ကိုယ်လုံးပတ် ) တူသော်လည်း ကိုယ်လုံးအရှည်တိုနေသဖြင့် တိုက်လျှင် မိမိက တစ်ပန်းရှုံးနေသည်။

ကြတ်ငှက်ပျောဖူး – ကိုယ်လုံးရှည်သည်။
လင့်စဉ် ( သို့ ) လင့်ပါးစဉ် – ဒေါက်မြင့်ပြီး ဗျိုင်းကဲ့သို့ ခန္ဓာကိုယ် အနေအထားရှိသောကြက်။
ဝဲစဉ် – ဒေါက်နိမ့်ပြီး တောင့်တောင့်တင်းတင်းနှင့် ကိုယ်လုံးတုတ်သော ကြက်။
လေးတိုင်ဝင် – ဒေါက်ကောင်းပြီး ခန္ဓာကိုယ် ဟင့် ပေါင်များတုတ်တုတ် ခိုင်ခိုင် ရှိသောကြက်။

======================

၁၀။ ကြပ်ခွပ်လမ်း ( ခွပ်ပုံ ခွပ်နည်း ၊ ခွပ်စဉ် ) ဆိုင်ရာ အခေါ်အဝေါ်များ
– – – – – – – – – – – – – – – – –

ဗလာ – ရှေ့သို့ လှမ်းပုတ်၍ ခွပ်သည်။
ကြက်ပစ်ကောင်းသည် – ရှေ့သို့ လှမ်းပုတ်သည့် ခွပ်အားကောင်းသည်။ ပြင်းထန်သည် ။
ဗလာကောင်းသည် ( သို့ ) ကြက်ပစ်၊ ကြက်ပုတ်ကောင်းသည် ဟုခေါ်သည်။

တန်းလျှောက် ဗလာ – ရှေ့တည့်တည့် ရှိကြက်အား မနားတမ်း ( တရစပ် ) လိုက်၍ ခွပ်ခြင်း ၊
တန်းလျှောက် ဗလာ ကောင်းသောကြက်ကို အချို့အရပ်ဒေသများတွင်
‘ ကြက်ဖိ ကြက်နင်း ‘ ဟုခေါ်သည်။
ဗိန်းမောင်း ဟုလည်းခေါ်သည်။
ဆင်ပစ် ဗလာ – ၂ ပေ ၊ ၃ ပေ အကွာတွင် ရပ်နေသည့်ကြက်အား လျှပ်တစ်ပြက် ထိအောင် ခွပ်ခြင်း။
ဆင်ပစ် ဗလာ ကောင်းလျှင် အချို့ နောက်သို့ တည့်တည့်ဆုတ်ပြေးသော
‘ နောက်ပြေး ‘ ကြက်များပင် လွတ်အောင် မပြေးနိုင်ပေ။
ကြက်ကာ – တစ်ဖက်ကြက်မှ လှမ်းပုတ်သော ခွပ်ချက်အား မျက်နှာချင်းဆိုင်၍ ပြိုင်ကန်ခွပ်ခြင်း။
ကြက်လျှော် – ကြက်နှစ်ကောင် ပြိုင်၍ အခွပ်တွင် နှစ်ကောင် ပူးလျက် အထက်သို့ အနည်းငယ်မြင့်တက်သွားပြီး
တစ်ဖက်ကြက် ပြန်အကျတွင် မိမိက ထိအောင် ခွပ်ခြင်း၊ ထိုသို့ ခွပ်တတ်သော ကြက်ကို
ကြက်လျှော်ကောင်း သည်ဟုခေါ်သည်။
ခုတ်ခြေ ( သို့ ) ကောင်းကင်ခြေ – အပေါ်သို့ ခပ်မြင့်မြင့် ခုန်တက်လိုက်ပြီး တစ်ဖက်ကြက်၏
လှုပ်ရှားမှုကို ကြည့်ကာ မိမိခြေနှစ်ခြောင်းဖြင့် အပေါ်မှ ခုတ်ချ ပြီး ခွပ်ခြင်း။
ခံပုံကောင်း – တစ်ဖက်ကြတ်က ခွပ်သမျှ သူချည်းခံရသဖြင့် ခေါင်း ၊ ရင်ဘတ် စသည်တို့တွင် ဒဏ်ရာများ ရထားသည်။
သို့သော် ဇွဲကောင်းကောင်းဖြင့် ထွက်မပြေးဘဲ ပေ၍ခွပ်ခြင်း။
ကြက်စောင့် – တစ်ဖက် ကြက်၏ အခွပ်ကို စောင့်၍ ခွပ်သောကြက် ( တစ်ဖက်ကြက်က စ၍ မခွပ်မချင်းစောင့်နေသည်။)
ရဲမျှော် – တစ်ကြိမ် တစ်ကြိမ် ခွပ်မည့်အရေး ဟန်ရေးပြပြီးမှ ခွပ်သဖြင့် ကြက်ပွဲတစ်ပွဲသည် အချိန်များစွာကြာတတ်သည်။
ထို့ကြောင့် ‘ ရဲ ‘ လာလျှင် ဖမ်းမိအောင် ရဲကို မျှော်၍ ခွပ်နေသည်ဟု တင်စား၍ ခေါ်ခြင်းဖြစ်သည်။
ကြက်ကွေ့ – တစ်ဖက်မှ တရစပ်လိုက်၍ ဖိခွပ်နေသည်ကို ဘေးသို့ ရုတ်တရက် ကွေ့၍ ရှောင်ကာ ခွပ်တတ်သော ကြက်။
ကြက်ရှူပ် – ကြက်ခွပ်စဉ် အမျိုးမျိုးဖြင့် ပျာယာခတ်ပြီး ခွပ်တတ်သော ကြက်။

အထက်ပါ မြန်မာ့ ရိုးရာ တိုက်ကြက်အခေါ်အဝေါ်များ မကြာမီပျောက်ကွယ်သွားတော့မည်ဖြစ်၍
သုတေသီ ရှုထောင့်အနေဖြင့် မှတ်တမ်းတစ်ခုဖြစ်စေရန် ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။
မှတ်ချက် – ကိုကိုလတ် ( ဆည်မြောင်း )
သူရဇ္ဇ မဂ္ဂဇင်းအတွဲ(၁၀) အမှတ် (၂)
၂၀၁၀ ပြည့်နှစ်
ဖေဖော်ဝါရီလစာမျက်နှာ ၂၂၀ ။
မှကူးယူတင်ပြသည်။
Ads.com.mm ပရိတ်သတ်ကြီးအနေနဲ့လည်း
တိုက်ကြက်ဖအပါအဝင် တခြားသော အိမ်မွေးတိရိစ္ဆာန်များကို
အောက်ပါလင့်ခ်အတိုင်းသွားကာ
https://www.ads.com.mm/pets
အခမဲ့ကြော်ငြာတင်ရောင်းချနိုင်ပါတယ်နော်။

 

Advertisements

Author: Jasmine

Digital Marketer, Blogger

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s